ကလေးတွေကြောင့် မဟုတ်ပါ
တခါတုန်းကပေါ့။ စာတွေ ကောင်းကောင်းမသင်ပဲ အတန်းတွေအောင်ပေးတဲ့ခေတ်၊ ဆရာဆရာမ မလုံလောက်၊ စာသင်အထောက်အကူပစ္စည်းတွေ မစုံလင်တဲ့ ခေတ် ဆိုပါစို့။ ပညာရေးဝန်ကြီး တဦးဟာ နယ်မြို့လေးကကျောင်းတကျောင်းကို ကြည့်ရှုစစ်ဆေးဖို့ သွားရောက်ခဲ့ပါတယ်။ သိတဲ့အတိုင်း မြန်မာနိုင်ငံမှာက ဘာဝန်ကြီးညာဝန်ကြီး ဆိုရင် လက်အုပ်ကလေးတွေချီပြီး အရိုအသေပေးကြတာပေါ့။
ဒီလိုနဲ့ အတန်းတတန်းထဲ ၀င်ကြည့်တော့အခန်းထဲမှာ ကမ္ဘာလုံးတလုံး တင်ထားတာတွေ့ လို့ ကလေးတွေရဲ့ ပညာရေးအခြေအနေ စစ်ဆေးဖို့ အကြံရလိုက်တယ်။ ဒါကြောင့် ကျောင်းသားတယောက်ကို ဒီကမ္ဘာကြီးဟာ ဘာလို့ နှစ်ဆယ့်သုံး နှစ်ပိုင်းတပိုင်း ဒီဂရီ တိမ်းစောင်းနေရတာလဲကွ.. ဆိုပြီး မေးလိုက်ပါသတဲ့။ အမေးခံရတဲ့ ကျောင်းသားလည်း ပျာပျာသလဲနဲ့….ဒါကျွန်တော်လုပ်တာ မဟုတ်ပါဘူး…. လို့ ပြန်ဖြေလိုက်ပါတယ်။ ၀န်ကြီးလည်း ကလေးတွေရဲ့ ပညာရေး အခြေအနေကို တော်တော်လေး စိတ်ညစ်သွားတယ်။ ဒါနဲ့ နောက်နားက ကျောင်းသားတစ်ဦးကို ထပ်မေးပြန်တယ်။ အဲဒီ ကျောင်းသားလေးကလည်း ခေါင်းကလေးခါပြီး ကျွန်တော်က ဒီနေ့မှ ဒီအခန်းကို ပြောင်းလာတာ။ ကျွန်တော်လုပ်တာ မဟုတ်ဘူး…. လို့ ဖြေပြန်တယ်၊
ဝန်ကြီးလည်း ကလေးတွေ ပညာရေးအခြေအနေအပေါ် ဒေါသ ထွက်လာတာပေါ့။ ဒါကြောင့် အနားက ကျောင်း ဆရာမ ဖက်လှည့်ပြီး ဒါဘယ်လို ဖြစ်ရတာလဲဗျ…..လို့မေးလိုက်တယ်။ ဆရာမက လက်အုပ်ကလေးချီပြီး လေသံပျော့လေးနဲ့
ဒါ…. ကလေးတွေ လုပ်တာမဟုတ်ပါဘူးရှင်။ ဒီကမ္ဘာလုံးကြီးက ၀ယ်လာကတည်းက ဒီလိုပဲစောင်းနေတာပါ….တဲ့။ ၀န်ကြီးလည်း ဒေါသတွေထွက် မျက်နှာတွေနီပြီး ကျောင်းအုပ်ဆရာကြီးဖက် လှည့်ကြည့်လိုက်ပါတယ်။
အစအဆုံး အခြေအနေကို သိနေတဲ့ ကျောင်းအုပ်ဆရာကြီးလည်း မတတ်သာတော့ပဲ ခါးကလေးညွှတ်အရိုအသေပြုရင်း အခုလို ရှင်းပြ လိုက်ပါသတဲ့ဗျာ။
ဝန်ကြီးခင်ဗျာ၊ပြောရမှာတော့ ခက်ပါတယ်။ ပွင့်ပွင့်လင်းလင်းတင်ပြရရင် ကျနော်တို့ကျောင်းက ရံပုံငွေအခက်အခဲရှိနေတာကြောင့် ဈေးချိုတဲ့ လမ်းဘေးဈေးမှာ ၀ယ်ခဲ့မိလို့ အခုလို တိမ်းစောင်းနေတာပါ}}