မင်္ဂလာဆောင်စတုန်းက သူမချမ်းသာဘူး။ သူမနဲ့အတူ အိမ်အိုတစ်လုံးမှာ
သူတို့နေခဲ့ကြတယ်။ သူမက မြောက်အရပ်ကလာသူဖြစ်တယ်။ ဒါကြောင့်
အေးခဲတဲ့ဆောင်းဒဏ်ကို အခန်းထဲက အနွေးဓာတ်နဲ့ အံတုတဲ့အကျင့်
သူမမှာပါခဲ့တယ်။ ဒီအိမ်အိုမှာ အနွေးပေးစက် မရှိဘူး။ လေမလုံဘူး။
မကြာပါဘူး.. သူမအပြင်းဖျားခဲ့တယ်။ သူမရဲ့ကုတင်ဘေးမှာထိုင်ပြီး သူ့ရင်တွေ
နာကျင်ခဲ့ရတယ်။ (picture from google search)
အဖျားသက်သာခဲ့ပေမယ့် အိပ်ရာမဝင်ခင် သူမခြေထောက်ကို
ဆေးကြောပေးတတ်တဲ့အကျင့် သူမှာကျန်ခဲ့တယ်။ အငွေ့တထောင်းထောင်းထနေတဲ့
ရေနွေးပူပူထဲ သူမခြေထောက်ကို စိမ်ပေးတတ်တယ်။ ဖွဖွလေး၊ ညင်ညင်သာသာလေး၊
သူမခြေထောက်ကို သူနှိပ်နယ်ပေးတတ်တယ်။ ခြေထောက်တစ်စုံကို ဆေးကြောနေတယ်လို့
သူ မမြင်ဘဲ အဖိုးတန်တဲ့ကြွေထည်တစ်ခုကို ကိုင်တွယ်နေတယ်လို့ သူထင်ခဲ့တယ်။
သူမခြေထောက်ကို ဆေးကြောပေးပြီးရင် အဝတ်ခြောက်အောင် သူသုတ်ပေးတတ်တယ်။
ပြီးမှအေးစက်တဲ့ လက်ကျန်ရေနဲ့ သူ့ခြေကိုဆေးခဲ့တယ်။ ရေအေးတွေကိုပူသယောင်
သူမထင်အောင် သူဟန်ဆောင်ကောင်းခဲ့တယ်။
သူ့ခြေရေရဲ့အပူချိန်ကို မစမ်းကြည့်လည်း သူမသိနေခဲ့တယ်။ သူမကို သူအဲဒီလို
ရိုမန်တစ်ဆန်ဆန် ချစ်ခဲ့၊ ကြင်နာခဲ့တယ်။
ဆောင်းတွင်းမှာ တစ်ပတ်၂ကြိမ် သူမရေချိုးတတ်တယ်။ သူလည်းသူမလို
အကျင့်လုပ်ထားပြီး သူမ မချိုးခင် အရင်လုချိုးတတ်တယ်။ သူချိုးပြီးမှ
သူမချိုးရတယ်။ တစ်နေ့မှာ တီဗွီကလာတဲ့ အစီအစဉ်တစ်ခုကို ကြည့်ဖို့
သူမရေအရင်ချိုးချင်ခဲ့တယ်။ ဒါကို သူလက်မခံဘူး။ အချိန်အတိကျနဲ့ လာတဲ့
အစီအစဉ်ကိုကြည့်ဖို့ သူမရေအရင်ချိုးမယ့် ကိစကို
သူခါးခါးသီးသီးငြင်းခဲ့တယ်။ သူအရင်ချိုးမယလို့ မျက်နှာတည်နဲ့ပြောပြီး
ရေချိုးခန်းထဲ သူဝင်သွားခဲ့တယ်။
သူမလက်ကို သူဆွဲလိုက်တဲ့အချိန် အားနည်းနည်းပါသွားတယ် ထင်ပါရဲ့....
သူမမျက်ရည်ဝဲတဲ့အထိ နာကျင်သွားခဲ့ရတယ်။ အရင်တုန်းက ဘာကိစ္စမဆို သူမကိုသူ
လိုက်လျောခဲ့တာချည်းပဲ။ အခု သူမရေအရင်ချိုးမယ်ဆိုတဲ့ အသေးအမွှားကိစ္စမှာ
သူဘာဖြစ်လို့ ဒီလောက်ခါးသီးနေခဲ့မှန်း သူမနားမလည်ခဲ့ဘူး။ သူမှာငွေမရှိ၊
ရွှေမရှိလည်း ရှိသမျှနဲ့ပုံအောချစ်မယ်လို့ သူမကို သူပြောခဲ့ဖူးတယ်။
သူမတစ်သက်မှာ နားဝင်အချိုဆုံးစကားမို့ အရမ်းပျော်ခဲ့တယ်။ ဒါပေမယ့်
အချိန်နဲ့အမျှ အဲဒီစကားတွေက အချိုးပြောင်းခဲ့ပြီလား?
စိတ်မကောင်းဖြစ်နေတဲ့ သူမကို သူချောမော့ခဲ့တယ်။ ဘာမဆို သူမသဘောအတိုင်း
ဖြစ်ရမယ်ဆိုပေမယ့် သူပဲရေအရင်ချိုးခဲ့တယ်။ အချိန်ကြာတော့ သူနဲ့ပြိုင်ပြီး
သူမရေချိုးခန်း လုမနေခဲ့တော့ဘူး။
ရာသီတစ်ပတ်လည်ပြီး ဆောင်းကုန်လို့ နွေရောက်လာခဲ့ပြန်တယ်။
ပတ်ဝန်းကျင်တစ်လုံးက ပေါင်းအိုးထဲ ထည့်ပေါင်းထားသလား ထင်ရအောင်
ပူပြင်းခဲ့တယ်။ ဆောင်းတွင်းမှာလို ရေနွေးနဲ့ခြေ မစိမ်တော့ဘဲ
ရေနေ့တိုင်းချိုးရတဲ့အဖြစ်ကို ရောက်ခဲ့တယ်။ ရေချိုးချိန်ရောက်တိုင်း
ဘောလုံးပွဲကြည့်မယ်၊ သတင်းကြည့်မယ်နဲ့ သူအချိန်ဆွဲပြီး
သူမကိုအရင်ချိုးခိုင်းခဲ့တယ်။ အရင်ကလို သူပြီးမှသူမ ချိုးရတဲ့အစီအစဉ်ကို
ပြောင်းပြန်လုပ်ပစ်ခဲ့တယ်။
တစ်နေ့မှာ သူ့ညီငယ်တစ်ယောက် မင်္ဂလာဆောင်ဖို့ဝယ်ထားတဲ့ အိမ်အသစ်ဆီ
သူတို့ရောက်လာခဲ့တယ်။ အဲဒီအိမ်မှာလည်း အနွေးပေးစက်မရှိခဲ့ဘူး။
ညီအိမ်ကိုရောက်တာနဲ့ ရေချိုးခန်းကို သူအရင်သွားကြည့်ခဲ့တယ်။
အခန်းကိုပတ်ကြည့်ပြီး ညီငယ်ကို... "အိမ်အသစ်က အိမ်အဟောင်းထက်
ကောင်းတယ်ဆိုတာ ပြောစရာမလိုဘူး။ အနွေးပေးစက်မရှိလည်း လေကလုံတယ်။ ဒါပေမယ့်
မိန်းမတွေက အအေးမိမှာ ကြောက်တတ်ကြတယ်ဆိုတာ မမေ့နဲ့နော်။
ဆောင်းတွင်းရောက်ရင် မင်းရေအရင်ချိုး.... ဒါမှရေချိုးခန်းက အေးစက်မနေမှာ။
ငါစမ်းကြည့်ဖူးတယ်... ရေချိုးပြီးရင် အေးစက်တဲ့အခန်းက အပူချိန်၁ဒီဂရီ
လောက်တက်တယ်"
အစ်ကိုအပြောကို ညီငယ်ကရယ်ပြီး...
"ဒီလိုဆိုရင် နွေရာသီမှာ မိန်းမကိုအရင်ချိုးခိုင်းရမယ်။ ဒါမှ
အရင်ချိုးတဲ့လူက နောက်မှချိုးတဲ့လူထက် ၁ဒီဂရီအေးမြမယ် မဟုတ်လား အစ်ကို!"
ညီငယ်အမေးကို သူပြုံးပြီး ခေါင်းညိတ်ပြတယ်။
သူတို့အပြောကို သူမကြားသွားခဲ့တယ်။ သူမ မျက်ရည်ဝဲတဲ့အထိ ခံစားခဲ့မိတယ်။
ကိုယ့်ကိုလည်း တုံးအတယ်လို့ သူမအပြစ်တင်မိတယ်။
အိမ်အဟောင်းမှ အိမ်အသစ်၊ အနွေးပေးစက် မရှိတဲ့အိမ်မှ
ရှိတဲ့အိမ်ဖြစ်သည့်တိုင်အောင် သူကြိုးစားခဲ့ပေမယ့် အဲဒီအကျင့်ကို
သူလုံးဝမဖျောက်ခဲ့ဘူး။ သူ့အကျင့်ရဲ့ အနက်အဓိပ္ပါယ်ကို သူမ
မဖော်ဆောင်နိုင်ခဲ့ဘူး။
တစ်ညမှာ သူ့အတွက် သူမပထမဆုံးအကြိမ် ခြေဆေးရေထည့်ပေးခဲ့တယ်။
မငြင်းသာတဲ့အဆုံး သူငြိမ်ခံခဲ့တယ်။ သူ့ခြေထောက်ကို ပွတ်သပ်ဆေးကြောပေးမှ
သူခြေဖဝါးအောက်က မာကျောနေတဲ့ အသားမာတွေကို သူမစမ်းခဲ့မိတယ်။ ဒီအိမ်အတွက်၊
ဒီမိသားစုအတွက်၊ ကြင်နာနွေးထွေးမှုတွေအတွက် သူပင်ပန်းခဲ့တယ်။ သူမကတော့
သူ့ကိုတစ်ခါမှ ခြေဆေးမပေးခဲ့မိဘူး။
၁ဒီဂရီရဲ့အဓိပ္ပါယ်ကို သူမ မပြောခဲ့သလို ဘယ်သူရေအရင်ချိုးမယ်ဆိုတဲ့
အစီအစဉ်ကိုလည်း မကန့်ကွက်ခဲ့တော့ဘူး။ ဒါတွေဟာ သူမကိုချစ်တဲ့
သူ့အကြင်နာတွေ၊ ဒီလိုနည်းနဲ့ သူမကို သူဘယ်လောက်ချစ်ကြောင်း
ထုတ်ဖော်ပြနေတယ်ဆိုတာကို သူမနားလည်ခဲ့တယ်။
ဆောင်းမှာ သူမအတွက် အပူချိန်၁ဒီဂရီကို သူတိုးပေးခဲ့သလို နွေမှာသူမအတွက်
အပူချိန်၁ဒီဂရီကို သူလျော့ပေးခဲ့တယ်။ ၁ဒီဂရီ နွေးထွေးမှုလေးပါပဲ...
ဒါပေမယ့် အဲဒီနွေးထွေးမှုထဲမှာ ၁ဝဝဒီဂရီအပြည့် အချစ်တွေပါခဲ့တယ်.....