"ဟူး ... ကားကလည်း ကျပ်လိုက်တာ"
မွန်းမတည့်သေးပေမယ့် ဈေးက ကွဲပြီ မို့ အိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်ရတယ်။ နေ့ တွက်တော့ သိပ်မကိုက်။
ဒါတောင် မနက် ၃ နာရီခွဲလောက် ကတည်းက ကုန်ကြိုကားတွေနဲ့ လိုက်လာပြီး သားတောင်းငါးတောင်း မှန်သမျှ မလွတ်တမ်း ထမ်းပိုးနေခဲ့တာ။
ကိုယ်က ထိုင်နားနေလို့လည်း မဖြစ်သေးဘူးလေ။ လကုန်ခါနီးပြီဆိုတော့ ကလေးတွေရဲ့ ကျူရှင်ခ၊ မုန့်ဖိုး၊ အိမ်စရိတ်နဲ့ ဟို တလောက ချေးထားတဲ့ အကြွေးတွေရဲ့ အတိုး၊ အို ... ခေါင်းထဲမှာ စုံပလုံနေတာပါပဲ။
ခေါင်းထဲမှာလည်း ငြီးစီစီကြီး ဖြစ်နေတယ်။ အိပ်ရေးမ၀လို့ပဲ ဖြစ်မှာပါ။
မနက်စောစောကတည်းက ဈေးထိပ်က ဘုံဆိုင်ပိုင်ရှင် ကိုတိုးကြီးတို့ လင်မယားကို အတင်းနှိုးပြီး ခွက်ပုန်း လေး နည်းနည်းချထားရသေး။
အဟဲ .. ကြိုက်လွန်းလို့တော့ မဟုတ်ဘူးပေါ့ဗျာ။
ဒီလိုထမ်းရပိုးရတဲ့ အလုပ်ဆိုတာ အရမ်း ပင်ပန်းလွန်းလို့ ခံနိုင်ရည်ရှိအောင် အဖြစ်ကလေးပေါ့ဗျာ။
အခုတလော ကျန်းမာရေးက သိပ်ကောင်းတာ မဟုတ်ဘူး၊ ခေါင်းထဲက မူးသလို၊ ကိုက်သလို ခဏ ခဏ ဖြစ်နေတာ။
သားငါးစိမ်း ထည့်ထားတဲ့ တောင်း ပလုံးတို့၊ မြွေရေခွံအိတ်စုတ်တို့ဆိုတာက အနည်းဆုံးတော့ အညှီနံ့ တွေနဲ့မဟုတ်လား။
ဒီတော့ အနံ့ခံနိုင်အောင်လည်း ကာကွယ်တဲ့သဘောပေါ့။
အဲ အဲ ... ဒီလိုဆိုတော့ ကျုပ်ကို အထမ်းသမား ကိုကြီးကျယ်လို့ စိတ်ထဲက နာမည်ပေး လိုက်တယ် မဟုတ်လား။
အဟုတ်ပဲဗျို့။
ကျုပ်ဆိုတဲ့ကောင်က လူနေတော့သာ တဲစုတ်၊ စိတ်က ဟိုး.. အထပ်မြင့်တိုက်ကြီးတွေ ထက်တောင် ၀ါးတစ်ပြန်လောက် သာလိုက်ချင်သေး။
ကျုပ် ဘယ်လောက်တောင် အသန့် ကြိုက်သလဲလို့ဆိုရင် ကလေးတွေအမေ ကျုပ်မိန်းမက ရပ်ကွက်ထဲက အိမ်တချို့ ရဲ့လက်စွဲတော် အ၀တ်လျှော်သူ ဖြစ်နေ တဲ့အထိပေါ့ဗျား ဟား ဟား ဟား။
ကျုပ်က သူ ပင်ပန်းတာကိုတော့ မကြည့်ရက်ပါဘူး။ ဒါပေမယ့် ကလေးတွေရဲ့စရိတ်စကက ကြီးလာပြီ မဟုတ်လား။
သူတတ်နိုင်တဲ့ဘက်က တာဝန်ယူတာပဲလေဆိုပြီး စိတ်ကိုဖြေတွေးထားခဲ့တာပါ။
ကျုပ်နဲ့ ကျုပ်မိန်းမက ပညာရေးမှာ ကံမပါပေမယ့် သားသမီးတွေကတော့ တခြားစီပဲဗျို့။
စာမှ စာ။ ဒါကိုပဲ ကျုပ်တို့ လင်မယားက ကျိတ်ကျေနပ်နေရတာပဲလေ။
"ရှေ့ကိုတိုးပါ၊ ကားက ရှေ့မှာ အချောင်ကြီး၊ ကျပ်ချင်ယောင်ဆောင်မနေကြပါနဲ့"
ကားစပယ်ယာရဲ့ နှိုးဆော်သံကြောင့် ရှေ့ကို နည်းနည်းတိုးလိုက်ရပေမယ့် ၀ဲယာက လူတွေကတော့ သိပ်ကြည်ပုံ မရပါဘူး။
"ဘယ်လို တိုးနေတာလဲ။ မူးနေရင်လည်း ကိုယ့်အိမ်ကိုယ်ပြန်အိပ်" လို့ ဘေးနားကလူတွေ ပြောသံကြားတော့ ကိုယ့်ကိုပြောမှန်းသိပေမယ့် မတတ်နိုင်ဘူးလေ။
ချွေးတွေကလည်း အရမ်းထွက်နေတော့ သူတို့ အလွန်လည်း မဟုတ်ပေဘူး။ လက်ထဲက ပုစွန်ဘော့ချိတ်ထုပ်လေးကိုပဲ သေသေချာချာ သတိထား ကိုင်နေရတယ်။
"အို .. ဘာရည်တွေလဲ၊ ဒီမှာ ခြေထောက်တွေ နံကုန်ပြီ"လို့ ခုံမှာ ထိုင်နေတဲ့ ကလေးမလေးက ပြောမှကြည့်မိ တယ်။ ပုစွန်ထည့်ထားတဲ့ ကြွပ်ကြွပ်အိတ်က ပေါက်ပြီး အရည်တစက်စက်ကျလာတာကိုး။ ဒါပေမယ့် ညာဘက်လက်နဲ့ တော့ ပြောင်းမကိုင်နိုင်ပေါင်။ တန်းကိုင်တဲ့ ညာဘက်လက်ထဲမှာ သားလတ် အတွက် ဒီနေ့ထွက်တဲ့ ရွှေသွေးတစ်စောင်က လိပ်လျက်သားလေး ပါသေး။ မကြေအောင် ကိုင်ထားတာဆိုတော့ ပုစွန်ထုပ်နဲ့ ရောကိုင်လို့ မဖြစ်ဘူး။
ဒီနေ့က စနေဆိုတော့ သားတို့အိမ်မှာ စောင့်နေကြမှာ။ သားလတ်က ရွှေသွေး ထဲက ပုံပြင်တွေဆို အရမ်းကြိုက်တာ ဆိုတော့ သူ့အတွက် မပြတ်ဝယ်ပေးရမှ။
သူ ဖတ်ပြတဲ့ ပုံပြင်လေးတွေဆိုရင် ကိုယ်တိုင်ဖတ်ရတာနဲ့မတူဘဲ အရမ်းကို နားထောင်လို့ ကောင်းတာ။
အား ..ခေါင်းထဲက ကိုက်လိုက်တာ။အိမ်ရောက်ရင်တော့ သား ဖတ်ပြတာ နားထောင်ပြီး အားရပါးရ အိပ်ပစ်လိုက်မယ်။ ခေါင်းကိုက်ပျောက်ဆေး ၀ယ်သောက်တာပဲ မပျောက်တော့လည်း မသိချင်ယောင်ပဲ ဆောင်နေလိုက်တော့တယ်။
"ကားက ကျပ်ရတဲ့အထဲမှာ အမူးသမားက ပါသေး။ ဒီလောက်ပြောနေတာတောင် မသိချင်ယောင်ဆောင်နေ သေးတယ်၊ ကိုယ်ချင်းမှမစာ နံနံစော်စော်"
ဘေးနားက ခပ်၀၀မိန်းမကြီးရဲ့မကျေမနပ် ရေရွတ်သံကြောင့် မဖြစ်တော့ဘူး ဆိုပြီး ကားတံခါးဝဆီ တိုးထွက် လိုက်ပါ တယ်။ တွယ်စီးတာပဲ ကောင်းတယ်၊ ဒါမှ နားမငြီးတော့မှာ။
အခုမှပဲ အသက်၀၀ ရှူရတော့တယ်။ဒါပေမယ့် ခေါင်းထဲက ထိုးထိုးကိုက်နေတုန်းပဲ။
လမ်းကြမ်းတဲ့ မြို့စွန်အထိ မောင်းရတာဆိုတော့ ကားကလည်း ၀ုန်းဒိုင်းကို ကြဲနေတာပဲ။ အိပ်ချင်လိုက်တာ။
မျက်စိကို မနည်းဖွင့်နေရတယ်။ နေက ပူရတဲ့အထဲ ကားက ခါယမ်းနေတော့ ချားရဟတ်စီးနေရတဲ့ အတိုင်းပါ လား။ အိမ်ကို မြန်မြန်ရောက်ချင်ပါပြီ။
ခေါင်းပိုမူးမှာစိုးလို့ တရိပ်ရိပ်ကျန်ခဲ့တဲ့ လမ်းဘေးက သစ်ပင်တွေကို သတိ မထားမိအောင် မျက်စိမှိတ်ထား လိုက်မယ်။
အရှိန်ပြင်းပြင်း မောင်းလာတဲ့ကားက ချိုင့်ခွက်တစ်ခုထဲ အကျ၊ ရွှေသွေးစာစောင် နဲ့ လက်တစ်ဖက်တည်း ရောကိုင်ထားတဲ့ ကားသံတိုင်ကို အလွတ်၊ လေထဲ ရုတ်တရက် မြောက်တက်သွားချိန်။ ရင်ထဲမှာ ဟာ..ခနဲ။
"ဟာ ..ကျပြီ၊ကျပြီ။ သေသေချာချာ ကိုင်ထားပါလို့ သတိပေးနေတဲ့ ကြားကကွာ"
"သူက အစောကြီးကတည်းက မူးနေတာလေ၊ ကြားမယ့်ပုံ မပေါ်ပါဘူး"
"ဟယ်..ဟိုလူကြီးလား၊ ငါက ဆင်းသွားပြီ မှတ်နေတာ"
ကြားရတဲ့အသံတွေက ဟိုး အဝေးကြီးက လာနေသလိုပဲ။ ကတ္တရာလမ်းပေါ် ကျတဲ့အသိက မသက်သာ ပေမယ့် လက်ထဲက ပုစွန်ထုပ်လေးနဲ့ စာစောင်လေးကိုတော့ လွတ်ထွက်မသွားအောင် ကျစ်ကျစ်လေး ကိုင်ထားလိုက်တယ်။
မျက်စိ ပြန်ဖွင့်လို့မရမယ့်အတူတူ အိပ်ချင်တဲ့စိတ်က အရမ်းများနေတော့ အိပ်မိလိုက်တော့တယ်။
အိပ်မက်ထဲမှာ သားလေးတွေကို တွေ့နေရတယ်။ သားလတ် ဖတ်ပြတဲ့ ပုံပြင်လေးက အရမ်းကောင်း တာလေ။ ဘာပဲ ပြောပြော အခုမှပဲ စိတ်ထဲမှာ ပေါ့ပါးသွားတော့တယ်။
သား ... နောက်ဆို အဖေကြီးကို အင်္ဂလိပ်လိုပါ ဖတ်ပြနိုင်အောင်လုပ်ဦးကွာ။